3 ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။
4 လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။
5 ကြမ်းတမ်းသောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
6 လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။
7 ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။
8 နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
9 သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။