ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1 MSB

နှုတ်​ခွန်း​ဆက်​ခြင်း

1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော ငါ​ပေါ​လု​နှင့်​ငါ့​ညီ​သုဿင်​တို့​သည်

2 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​ကို​ပတ္ထ​နာ​ပြု​ကြ​သည့် အ​ရပ်​ရပ်​တို့​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ​သန့်​ရှင်း​သူ​အ​ဖြစ်​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​၍ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​များ​တည်း​ဟူ​သော ကော​ရိန္သု​မြို့​၌​ရှိ​သည့် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်​တော်​သည် ထို​ပတ္တ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​နှင့် ငါ​တို့​၏​သ​ခင်​ဖြစ်​တော်​မူ​၏။

3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

4 ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည် သင်​တို့​အ​တွက် ငါ့​ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​၏။

5 အ​ကြောင်း​မူ​ကား သင်​တို့​သည် နှုတ်​သတ္တိ​ရှိ​သ​မျှ​၌​ဖြစ်​စေ၊ ဉာဏ်​သတ္တိ​ရှိ​သ​မျှ​၌​ဖြစ်​စေ၊ အ​ရာ​ရာ​တို့​၌ ခ​ရစ်​တော်​အား​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​၍

6 ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​သည် သင်​တို့​၌ အ​တည်​ပြု​ခြင်း​ခံ​ရ​၏။

7 ထို့​ကြောင့် သင်​တို့​သည် ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​မျှ လစ်​ဟင်း​နေ​သည်​ဟူ​၍​မ​ရှိ​ဘဲ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို စောင့်​မျှော်​နေ​ကြ​၏။

8 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နေ့​ရက်​တွင် သင်​တို့​၌​အ​ပြစ်​တင်​စ​ရာ​မ​ရှိ​မည့်​အ​ကြောင်း ကိုယ်​တော်​သည် သင်​တို့​ကို အ​ဆုံး​တိုင်​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။

9 မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ထဲ​သို့ သင်​တို့​ကို​ခေါ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​၏။

ကော​ရိန္သု​အ​သင်း​တော်​ထဲ​မှ ကွဲ​ပြား​မှု​များ

10 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​လုံး​သည် ပြော​ဆို​ရာ​၌​ညီ​ညွတ်​မှု​ရှိ​၍ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ တစ်​စိတ်​တစ်​သ​ဘော​တည်း​ဖြင့် စည်း​စည်း​လုံး​လုံး​ရှိ​ကြ​မည့်​အ​ကြောင်း ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

11 အ​ကြောင်း​မူ​ကား ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​တွင် ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း​ရှိ​သည်​ဟု ခ​လော​ဣ​အိမ်​သား​များ​က သင်​တို့​အ​ကြောင်း​ကို ငါ့​အား​ပြော​ပြ​ကြ​၏။

12 သင်​တို့​အ​သီး​သီး​က “ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်။ ငါ​သည် ကေ​ဖ​တ​ပည့်​ဖြစ်​သည်။ ငါ​သည် ခ​ရစ်​တော်​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​ဆို​နေ​ကြ​သော​ကြောင့် ဤ​စ​ကား​ကို ယ​ခု ငါ​ပြော​ရ​၏။

13 ခ​ရစ်​တော်​ကို ကွဲ​ပြား​စေ​ကြ​ပြီ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ကို ခံ​ရ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ပေါ​လု​၏​နာ​မ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြ​သ​လော။

14 ငါ​သည် သင်​တို့​ထဲ​မှ က​ရိပ္ပု​နှင့်​ဂါ​ယု​တို့​မှ​တစ်​ပါး အ​ခြား​မည်​သူ့​ကို​မျှ ဗတ္တိ​ဇံ​မ​ပေး​ခဲ့​သော​ကြောင့် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

15 သို့​ဖြစ်​၍ ငါ​၏​နာ​မ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​သည်​ဟု မည်​သူ​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။

16 ငါ​သည် သ​တေ​ဖ​နာ​၏​အိမ်​သူ​အိမ်​သား​များ​ကို​လည်း ဗတ္တိ​ဇံ​ပေး​ခဲ့​ပါ​၏။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​စုံ​တစ်​ဦး​အား ဗတ္တိ​ဇံ​ပေး​ခဲ့​သည်​မ​ပေး​ခဲ့​သည်​ကို ငါ​မ​မှတ်​မိ​ချေ။

17 အ​ကြောင်း​မူ​ကား ဗတ္တိ​ဇံ​ပေး​စေ​ရန် ခ​ရစ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​စေ​ရန် စေ​လွှတ်​တော်​မူ​၏။ ထို​သို့​ဟော​ပြော​ရာ​၌​လည်း ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ရန် နှုတ်​အ​တတ်​အား​ဖြင့်​ဟော​ပြော​ရန်​မ​ဟုတ်။

ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဉာဏ်​တော်​ဖြစ်​သော​ခ​ရစ်​တော်

18 အ​ကြောင်း​မူ​ကား လက်​ဝါး​ကပ်​တိုင်​တော်​နှင့်​ဆိုင်​သော​သ​တင်း​စ​ကား​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​သော်​လည်း ကယ်​တင်​ခြင်း​ခံ​ရ​သော​ငါ​တို့​အ​တွက်​မူ​ကား ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။

19 အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​၌ “ငါ​သည် ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို ဖျက်​ဆီး​မည်။ ဉာဏ်​ထက်​မြက်​သော​သူ​တို့​၏​ဉာဏ်​စွမ်း​ကို​လည်း ငါ​ပစ်​ပယ်​မည်”​ဟု ရေး​ထား​၏။

20 ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဤ​လော​က​ရှိ ဝေ​ဖန်​ရေး​သ​မား​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် လော​ကီ​ဉာဏ်​ပ​ညာ​ကို မိုက်​မဲ​စေ​တော်​မူ​သည်​မ​ဟုတ်​လော။

21 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​အ​ရ ဤ​လော​က​သည် မိ​မိ​၏​ဉာဏ်​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ဟော​ပြော​ခြင်း​အ​မှု​၏​မိုက်​မဲ​သော​အ​ရာ​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို​ကယ်​တင်​ရန် အ​လို​ရှိ​တော်​မူ​၏။

22 ဂျူး​လူ​မျိုး​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂ​ရိ​လူ​မျိုး​တို့​သည် ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​တတ်​ကြ​၏။

23 ငါ​တို့​မူ​ကား လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ဂျူး​လူ​မျိုး​တို့​အ​တွက် မှား​ယွင်း​စ​ရာ​အ​ကြောင်း​ဖြစ်​ပြီး လူ​မျိုး​ခြား​တို့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။

24 သို့​သော် ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​တို့​အ​တွက် ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော်​ဖြစ်​၏။

25 အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​၏​မိုက်​မဲ​ခြင်း​သည် လူ​တို့​၏​ပ​ညာ​ရှိ​ခြင်း​ထက် ပ​ညာ​ရှိ​၏။ ဘု​ရား​သ​ခင်​၏​အား​နည်း​ခြင်း​သည် လူ​တို့​ထက် ခွန်​အား​ကြီး​၏။

သ​ခင်​ဘု​ရား​၌​သာ ဝါ​ကြွား​ခြင်း

26 ညီ​အစ်​ကို​တို့၊ သင်​တို့​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​စဉ်​က​အ​ကြောင်း​ကို ဆင်​ခြင်​ကြ​လော့။ လူ့​အ​မြင်​အ​ရ သင်​တို့​တွင် ပ​ညာ​ရှိ​များ​စွာ​မ​ပါ။ အ​စွမ်း​ထက်​သော​သူ​များ​စွာ​မ​ပါ။ မြင့်​မြတ်​သော​သူ​များ​စွာ​မ​ပါ။

27 သို့​သော် ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို​အ​ရှက်​ရ​စေ​ရန် လော​က​ရှိ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​၏။ ခွန်​အား​ကြီး​သော​သူ​တို့​ကို​အ​ရှက်​ရ​စေ​ရန် လော​က​ရှိ အား​နည်း​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​၏။

28 ထို့​ပြင် အ​ရေး​ပါ​သော​သူ​တို့​ကို​ပယ်​ဖျက်​ရန် အ​ရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လော​က​ရှိ အ​ဆင့်​အ​တန်း​နိမ့်​သော​သူ​များ​နှင့် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ခံ​ရ​သော​သူ​များ​ကို ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​၏။

29 ထို့​ကြောင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မည်​သူ​မျှ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မ​ရှိ။

30 သင်​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၌​တည်​နေ​ကြ​၏။ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော ဉာဏ်​ပ​ညာ​ဖြစ်​တော်​မူ​ပြီး ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း​နှင့် ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ​၏။

31 သို့​ဖြစ်​၍ ကျမ်း​စာ​၌​ရေး​ထား​သည်​နှင့်​အ​ညီ “ဝါ​ကြွား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၌​သာ ဝါ​ကြွား​စေ။”

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16