8 အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင် ‘ငါသည် သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်၏’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။
9 အကျွန်ုပ်နှင့်အတူရှိနေသောသူတို့သည် အလင်းကိုမြင်ကြသော်လည်းအကျွန်ုပ်အားပြောသောအသံကို မကြားရကြပါ။
10 အကျွန်ုပ်ကလည်း ‘သခင်၊ အကျွန်ုပ်သည် မည်သို့ပြုရမည်နည်း’ဟု လျှောက်လျှင် သခင်ဘုရားက ‘ထ၍ ဒမတ်စကပ်မြို့သို့သွားလော့။ ထိုမြို့၌ သင်ဆောင်ရွက်ရန် စီမံထားသောအရာရှိသမျှကို သင့်အား ပြောပြလိမ့်မည်’ဟု မိန့်တော်မူခဲ့ပါသည်။
11 အကျွန်ုပ်သည် ထိုအလင်း၏ရောင်ခြည်အရှိန်ကြောင့် မျက်စိမမြင်တော့သဖြင့် အတူရှိနေသောသူတို့က အကျွန်ုပ်ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြပါသည်။
12 ထို့နောက် ပညတ်တရားနှင့်အညီ ဘုရားတရားကြည်ညိုသူဖြစ်ပြီး ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသော အာနနိအမည်ရှိသူတစ်ဦးသည်
13 အကျွန်ုပ်ထံသို့လာ၍ အနီး၌ရပ်ကာ ‘ငါ့ညီရှောလု၊ မျက်စိမြင်စေ’ဟု အကျွန်ုပ်အားဆိုလျှင် ထိုအချိန်၌ပင် အကျွန်ုပ်သည် သူ့ကိုမြင်ရပါသည်။
14 ထိုအခါ သူက ‘ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိအလိုတော်ကို သိစေရန်လည်းကောင်း၊ ဖြောင့်မတ်သောအရှင်ကို ဖူးမြင်စေရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်မှအသံတော်ကို ကြားစေရန်လည်းကောင်း သင့်ကို ကြိုတင်ခန့်ထားတော်မူပြီ။