5 မြားတော်တို့သည်ထက်သည်ဖြစ်၍ရန်သူတို့၏ နှလုံးသားကိုထိုးဖောက်ပါ၏။လူမျိုးတကာတို့သည်ခြေတော်ရင်း၌လဲကြ ပါ၏။
6 အရှင်မင်းကြီးအားဘုရားသခင်ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
7 အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည်အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက်ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
8 အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။
9 အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ရာဇပလ္လင်တော်၏လက်ယာဘက်တွင်ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။
10 အရှင်မင်းကြီး၏ကြင်ရာတော်လောင်း၊ နားထောင်ပါလော့။သင်သည်ကိုယ့်အမျိုးသားများနှင့်ဆွေမျိုးတို့ကို မေ့ပစ်ပါလော့။
11 သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။