ယောဘဝတ္တု။ 11:6-12 BCL

6 နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။

7 သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။

8 မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။

9 အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။

10 ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။

11 ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။

12 သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။