1 နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။
2 နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
3 ယာဗက်မြို့သားခေါင်းဆောင်များက``ဣသရေလ ပြည်တစ်လျှောက်လုံးသို့တမန်များစေလွှတ်၍ သတင်းပေးပို့နိုင်ရန်အကျွန်ုပ်တို့အားခုနစ် ရက်မျှအခွင့်ပေးပါ။ အကယ်၍အကျွန်ုပ်တို့ အားကူမမည့်သူမရှိပါကအရှင့်ထံတွင် အညံ့ခံပါမည်'' ဟုလျှောက်ကြ၏။
4 စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-
5 ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။-
6 ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊-
7 နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။-