1 သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သောမင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။
2 ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူတကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။
3 ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။
4 ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊
5 ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇောသက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။
6 ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။
7 မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်းထဲသို့ ပစ်ချကြ၏။