ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11 MSB

ပေါ​လု​နှင့်​တ​မန်​တော်​အ​တု​အ​ယောင်​များ

1 ငါ​၏​အ​နည်း​ငယ်​သော​မိုက်​မဲ​မှု​အ​တွက် ငါ့​ကို​သည်း​ခံ​စေ​လို​ပါ​၏။ မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​သည် ငါ့​ကို​သည်း​ခံ​ကြ​၏။

2 ဤ​သို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘု​ရား​သ​ခင်​၏​သ​ဝန်​တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သ​ဝန်​တို​၏။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​ကို ဖြူ​စင်​သန့်​ရှင်း​သော​အ​ပျို​က​ညာ​အ​ဖြစ် ခ​ရစ်​တော်​အား​ဆက်​သ​လျက် ထို​တစ်​ဦး​တည်း​သော​ခင်​ပွန်း​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီ​ဖြစ်​၏။

3 သို့​သော် မြွေ​သည် မိ​မိ​၏​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​ဖြား​သ​ကဲ့​သို့ အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​သည် ခ​ရစ်​တော်​အ​ပေါ်​၌​ထား​ရှိ​သော ရိုး​သား​ဖြူ​စင်​ခြင်း​မှ​သွေ​ဖည်​သွား​မည်​ကို ငါ​စိုး​ရိမ်​၏။

4 အ​ကြောင်း​မူ​ကား တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​လာ​၍ ငါ​တို့​မ​ဟော​ပြော​ခဲ့​သည့် အ​ခြား​သော​ယေ​ရှု​အ​ကြောင်း​ကို ဟော​ပြော​လျှင်​ဖြစ်​စေ၊ သင်​တို့​မ​ရ​ရှိ​ဖူး​သော အ​ခြား​ဝိ​ညာဉ်​ကို သင်​တို့​ရ​ရှိ​လျှင်​ဖြစ်​စေ၊ သင်​တို့​မ​ခံ​ယူ​ခဲ့​သော အ​ခြား​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​ခံ​ယူ​လျှင်​ဖြစ်​စေ သင်​တို့​သည် ကောင်း​စွာ​သည်း​ခံ​နေ​ကြ​၏။

5 အ​မှန်​စင်​စစ် ငါ​သည် ထိပ်​တန်း​တ​မန်​တော်​များ​ထက် အ​နည်း​ငယ်​မျှ​မ​ညံ့​ဟု ငါ​ထင်​မှတ်​၏။

6 ငါ​သည် အ​ဟော​အ​ပြော​ပိုင်း​၌ ကျွမ်း​ကျင်​မှု​မ​ရှိ​လျှင်​ပင် အ​သိ​ပ​ညာ​ပိုင်း​၌​မူ​ကား ထို​သို့​မ​ဟုတ်​ပေ။ ငါ​တို့​သည် ဤ​အ​ချက်​ကို အ​ရာ​ရာ​၌ နည်း​အ​မျိုး​မျိုး​ဖြင့် သင်​တို့​ထံ ထင်​ရှား​စေ​ခဲ့​ပြီ။

7 သင်​တို့​ချီး​မြှောက်​ခြင်း​ခံ​ရ​ဖို့​ရန် ငါ​သည် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား အ​ခ​မဲ့​ဟော​ပြော​ခြင်း​ဖြင့် အ​ပြစ်​ကျူး​လွန်​ခဲ့​သ​လော။

8 ငါ​သည် သင်​တို့​အ​မှု​ကို​ဆောင်​ရွက်​ရန် အ​ခြား​သော​အ​သင်း​တော်​များ​ထံ​မှ စ​ရိတ်​တောင်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​ကို​လု​ယူ​ခဲ့​၏။

9 မာ​ကေ​ဒေါ​နိ​ပြည်​မှ​လာ​သော ညီ​အစ်​ကို​များ​သည် ငါ​လို​အပ်​သည့်​အ​ရာ​ကို ဖြည့်​ဆည်း​ပေး​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် လို​အပ်​ချက်​ရှိ​သည့်​အ​ခါ မည်​သူ့​အ​တွက်​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​ပေ။ ငါ​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် မိ​မိ​ကိုယ်​ကို အ​ရာ​ရာ​၌​စောင့်​စည်း​ခဲ့​သည့်​နည်း​တူ နောင်​၌​လည်း စောင့်​စည်း​ဦး​မည်။

10 ခ​ရစ်​တော်​၏​သမ္မာ​တ​ရား​သည် ငါ​၌​ရှိ​သည်​နှင့်​အ​ညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်​ယူ​ဝါ​ကြွား​ခြင်း​ကို အ​ခါ​ယ​ပြည်​တစ်​လျှောက်​၌ မည်​သူ​မျှ ပိတ်​ပင်​၍​ရ​မည်​မ​ဟုတ်။

11 အ​ဘယ်​ကြောင့်​နည်း။ ငါ​သည် သင်​တို့​ကို​မ​ချစ်​သော​ကြောင့်​လော။ ငါ​ချစ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

12 သို့​ရာ​တွင် ငါ​တို့​ကဲ့​သို့ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​စေ​မည့်​အ​ခွင့်​ကို ရ​ယူ​လို​သော​သူ​တို့​ထံ​မှ ထို​အ​ခွင့်​ကို​ဖြတ်​တောက်​ရန် ငါ​ပြု​နေ​သည့်​အ​ရာ​ကို ဆက်​၍​ပြု​ဦး​မည်။

13 အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ခ​ရစ်​တော်​၏​တ​မန်​တော်​များ​အ​ဖြစ် ယောင်​ဆောင်​နေ​ကြ​သည့် တ​မန်​တော်​အ​တု​အ​ယောင်​များ၊ လှည့်​ဖြား​တတ်​သော​လုပ်​သား​များ​ဖြစ်​ကြ​၏။

14 ဤ​သည်​ကား အံ့​ဩ​စ​ရာ​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် စာ​တန်​ပင်​လျှင် အ​လင်း​၏​ကောင်း​ကင်​တ​မန်​အ​ဖြစ် ယောင်​ဆောင်​တတ်​၏။

15 သို့​ဖြစ်​၍ စာ​တန်​၏​အ​မှု​ဆောင်​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​၏​အ​မှု​ဆောင်​အ​ဖြစ် ယောင်​ဆောင်​ကြ​လျှင် အံ့​ဩ​စ​ရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိ​ဂုံး​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​အ​တိုင်း​ဖြစ်​လိမ့်​မည်။

ခ​ရစ်​တော်​အ​တွက် ပေါ​လု​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ

16 တစ်​ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်​မဲ​သော​သူ​ဖြစ်​သည်​ဟု မည်​သူ​မျှ မ​ထင်​မှတ်​စေ​နှင့်။ သို့​သော် သင်​တို့​သည် ထို​သို့​ထင်​မှတ်​ခဲ့​လျှင် ငါ​၌ ဝါ​ကြွား​စ​ရာ​အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ရန် ငါ့​ကို မိုက်​မဲ​သော​သူ​အ​ဖြစ်​ပင် လက်​ခံ​ကြ​လော့။

17 ငါ​သည် ဤ​ကဲ့​သို့ ရဲ​ရင့်​စွာ​ဝါ​ကြွား​ပြော​ဆို​ခြင်း​မှာ သ​ခင်​ဘု​ရား​အား​ဖြင့် ပြော​ဆို​သည်​မ​ဟုတ်​ဘဲ မိုက်​မဲ​သော​သူ​ကဲ့​သို့ ပြော​ဆို​ခြင်း​ဖြစ်​၏။

18 လူ​များ​စွာ​တို့​သည် ဇာ​တိ​သ​ဘော​ဖြင့် ဝါ​ကြွား​ကြ​သည်​ဖြစ်​၍ ငါ​သည်​လည်း ဝါ​ကြွား​မည်။

19 အ​မှန်​စင်​စစ် သင်​တို့​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​များ​ဖြစ်​သော​ကြောင့် မိုက်​မဲ​သော​သူ​တို့​ကို ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​၏။

20 တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်​စေ၊ အ​ခွင့်​ကောင်း​ယူ​သည်​ဖြစ်​စေ၊ လု​ယူ​သည်​ဖြစ်​စေ၊ အ​ထင်​အ​မြင်​သေး​သည်​ဖြစ်​စေ၊ ပါး​ရိုက်​သည်​ဖြစ်​စေ သင်​တို့​သည် သည်း​ခံ​ကြ​၏။

21 ငါ​တို့​သည် ထို​သို့​ပြု​ရန် အား​နည်း​ခဲ့​ကြောင်း ရှက်​ရွံ့​စွာ​ပင် ငါ​ဝန်​ခံ​၏။ သို့​သော် တစ်​ဦး​တစ်​ယောက်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ​၌ ဝါ​ကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါ​ကြွား​ဝံ့​သည်​ဟု မိုက်​မဲ​စွာ​ငါ​ပြော​၏။

22 သူ​တို့​သည် ဟေ​ဗြဲ​လူ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အစ္စ​ရေး​လူ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။

23 သူ​တို့​သည် ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​ကြ​သ​လော။ ငါ​သည် ပို​၍​ပင်​ဖြစ်​၏​ဟု ရူး​သွပ်​နေ​သူ​တစ်​ဦး​ကဲ့​သို့ ငါ​ဆို​၏။ ငါ​သည် ပို​၍​ကြိုး​ပမ်း​အား​ထုတ်​လျက် အ​ကြိမ်​ပေါင်း​များ​စွာ​အ​ကျဉ်း​ချ​ခံ​ရ​လျက် ပို​၍​များ​စွာ​ရိုက်​နှက်​ခြင်း​ခံ​ရ​လျက် သေ​ဘေး​နှင့် မ​ကြာ​ခ​ဏ​ရင်​ဆိုင်​ရ​၏။

24 ငါ​သည် ဂျူး​လူ​မျိုး​တို့​၏​အ​ချက်​လေး​ဆယ် တစ်​ချက်​လျော့ ရိုက်​နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။

25 ကြိမ်​လုံး​နှင့်​ရိုက်​နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်​ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်​စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်​လယ်​ပြင်​တွင် တစ်​နေ့​နှင့်​တစ်​ည မျော​ခဲ့​ရ​၏။

26 မ​ကြာ​ခ​ဏ ခ​ရီး​ထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓား​ပြ​တို့​၏​ဘေး၊ ကိုယ့်​လူ​မျိုး​တို့​ပြု​သော​ဘေး၊ လူ​မျိုး​ခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာ​ရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်​လယ်​ထဲ​၌​ကြုံ​ရ​သော​ဘေး၊ ညီ​အစ်​ကို​အ​တု​အ​ယောင်​များ​ပြု​သော​ဘေး စ​သည်​တို့​နှင့် ရင်​ဆိုင်​ခဲ့​ရ​၏။

27 ကြိုး​ပမ်း​အား​ထုတ်​ခြင်း​နှင့် ပင်​ပန်း​ခက်​ခဲ​ခြင်း၊ မ​ကြာ​ခ​ဏ​အိပ်​ရေး​ပျက်​ခြင်း၊ အ​စာ​ငတ်​ခြင်း​နှင့် ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ အ​စာ​ပြတ်​လပ်​ခြင်း၊ ချမ်း​အေး​ဒဏ်​ခံ​ရ​ခြင်း​နှင့် အ​ဝတ်​အ​ချည်း​စည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံ​တွေ့​ခဲ့​ရ​၏။

28 ဤ​ပြင်​ပ​မှ ဘေး​ဒုက္ခ​များ​အ​ပြင် အ​သင်း​တော်​အား​လုံး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​သည်​လည်း နေ့​စဉ်​နှင့်​အ​မျှ ငါ့​ကို​ဖိ​စီး​နေ​၏။

29 တစ်​စုံ​တစ်​ဦး​အား​နည်း​သည့်​အ​ခါ ငါ​သည် အား​မ​နည်း​ဘဲ နေ​နိုင်​မည်​လော။ တစ်​စုံ​တစ်​ဦး​မှား​ယွင်း​သည့်​အ​ခါ ငါ​သည် ပူ​ပန်​ခြင်း​မ​ရှိ​ဘဲ နေ​နိုင်​မည်​လော။

30 ငါ​သည် ဝါ​ကြွား​ရ​မည်​ဆို​လျှင် ငါ​၏​အား​နည်း​ခြင်း​နှင့်​ပတ်​သက်​သော​အ​ရာ​များ​ကို ငါ​ဝါ​ကြွား​မည်။

31 ငါ​မု​သား​မ​သုံး​ကြောင်း သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဖြစ်​တော်​မူ​သော ကာ​လ​အ​စဉ်​အ​ဆက်​မင်္ဂ​လာ​ရှိ​သည့် ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

32 ဒ​မတ်​စ​ကပ်​မြို့​တွင် အ​ရေ​တ​မင်း​ကြီး​ခန့်​ထား​သော​မြို့​ဝန်​သည် ငါ့​ကို​ဖမ်း​ဆီး​ရန်​အ​တွက် ဒ​မတ်​စ​ကပ်​မြို့​ကို ပိတ်​ဆို့​စောင့်​ကြပ်​ထား​ခဲ့​၏။

33 သို့​သော် ငါ့​ကို တောင်း​ထဲ​ထည့်​၍ ပြ​တင်း​ပေါက်​မှ​တစ်​ဆင့် မြို့​ရိုး​ပေါ်​မှ​လျှော​ချ​ခဲ့​ကြ​သော​ကြောင့် ငါ​သည် သူ​၏​လက်​မှ လွတ်​မြောက်​ခဲ့​ရ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13