23 သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
24 တစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် မိမိမစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မိမိမကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်သည့် ခက်ထန်သောသူဖြစ်ကြောင်း အကျွန်ုပ်သိပါသည်။
25 ထို့ကြောင့် အကျွန်ုပ်သည် ကြောက်သဖြင့် သွား၍ သခင်၏ငွေကို မြေ၌ဝှက်ထားပါသည်။ ကြည့်ပါ။ သခင်၏ဥစ္စာရှိပါသည်’ဟု လျှောက်လေ၏။
26 သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
27 ငါ၏ငွေကို ငွေတိုးပေးသူလက်၌ အပ်ထားသင့်၏။ သို့ပြုလျှင် ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွရရှိခဲ့ပေလိမ့်မည်။
28 ထို့ကြောင့် တစ်တာလန်ကို သူ့ထံမှယူ၍ ဆယ်တာလန်ရှိသောသူအား ပေးကြလော့။
29 အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။