6 သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုသတ်မှတ်၍ သတ်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်ခြင်းမပြုချေ။
7 သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။
8 သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သင်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေကြလော့။ အကြောင်းမူကား သခင်ဘုရား၏ကြွလာတော်မူခြင်းသည် နီးကပ်လာပြီဖြစ်၏။
9 ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။
10 ညီအစ်ကိုတို့၊ ဆင်းရဲဒုက္ခခံခြင်းနှင့်စိတ်ရှည်ခြင်းတို့နှင့်ပတ်သက်၍ သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသောပရောဖက်တို့ကို စံနမူနာယူကြလော့။
11 သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
12 ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်ပါသည်’ မဟုတ်သည်ကို ‘မဟုတ်ပါ’ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။