36 သို့ရာတွင် သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
37 ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
38 အကြောင်းမူကား ငါသည် မိမိအလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို ဆောင်ရွက်ရန် ကောင်းကင်မှဆင်းသက်၏။
39 ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။
40 အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်”ဟု မိန့်တော်မူ၏။
41 ယေရှုက “ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏”ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
42 “ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့် ‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော့်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။