15 သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ ငါမူကား မည်သူ့ကိုမျှမစီရင်။
16 သို့သော် ငါစီရင်မည်ဆိုလျှင်လည်း ငါတစ်ဦးတည်းစီရင်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူစီရင်တော်မူသည်ဖြစ်၍ ငါ၏စီရင်ဆုံးဖြတ်ချက်သည် မှန်ကန်၏။
17 သင်တို့၏ပညတ်တရားကျမ်း၌လည်း ‘သက်သေနှစ်ဦးထွက်ဆိုသည့်သက်သေခံချက်သည် အမှန်ဖြစ်၏’ဟု ရေးထား၏။
18 ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
19 ထိုသူတို့ကလည်း “သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း”ဟု မေးကြသော် ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်”ဟု မိန့်တော်မူ၏။
20 ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
21 တစ်ဖန် ကိုယ်တော်က “ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။