37 သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။
38 ပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
39 ထို့နောက် သူတို့အားပုံဥပမာတစ်ခု မြွက်ဆိုတော်မူသည်မှာ “မျက်မမြင်သည် မျက်မမြင်ကို လမ်းပြနိုင်သလော။ နှစ်ဦးစလုံးတွင်းထဲသို့ကျကြလိမ့်မည်မဟုတ်လော။
40 တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော် ပြည့်စုံစွာသင်ယူတတ်မြောက်သောသူတိုင်းသည် မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်။
41 သင်သည် မိမိမျက်စိ၌ရှိသောသစ်တုံးကို သတိမမူဘဲ သင့်ညီအစ်ကို၏မျက်စိ၌ရှိသောသစ်အမှုန်အစကို အဘယ်ကြောင့်မြင်သနည်း။
42 သင်သည် မိမိမျက်စိထဲမှ သစ်တုံးကိုမမြင်ဘဲ ‘ညီအစ်ကို၊ သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု သင့်ညီအစ်ကိုအား မည်သို့ပြောနိုင်မည်နည်း။ သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။
43 မကောင်းသောအသီးကိုသီးသော ကောင်းသည့်အပင်မရှိ။ ကောင်းသောအသီးကိုသီးသော မကောင်းသည့်အပင်လည်းမရှိ။