31 ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။-
32-33 ဒုတိယဆာလံတွင်၊`သင်သည်ငါ၏သားတော် ဖြစ်၏။ ယနေ့ပင်သင့်အားသားတော်အရာကို ငါပေးပြီ' ဟုဖော်ပြပါရှိသည်နှင့်အညီ ဘုရားသခင်သည်ယေရှုကိုသေခြင်းမှရှင် ပြန်ထမြောက်စေတော်မူသဖြင့် ငါတို့ဘိုးဘေး များအားထားတော်မူသောကတိတော်ကိုသူ တို့၏သားမြေးဖြစ်သူ ငါတို့အတွက်အကောင် အထည်ဖော်တော်မူပြီ။ ငါတို့သည်ဤသတင်း ကောင်းကိုသင်တို့အားကြားပြောရန်ဤအရပ် သို့ရောက်ရှိနေကြခြင်းဖြစ်၏။-
34-35 နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊`ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်'ဟူ၍မိန့်တော်မူသည်။အခြားဆာလံတွင်၊`ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကိုသင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်'ဟုပါရှိ၏။-
36 ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
37 သို့ရာတွင်သေခြင်းမှဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောအရှင်၏ကိုယ်ခန္ဓာ ကားထိုသို့ပုပ်ပျက်ခြင်းမရှိ။-
38-39 ညီအစ်ကိုတို့၊ ထိုအရှင်ကိုအမှီပြု၍အပြစ် ပြေလွှတ်ခြင်းအကြောင်းကို သင်တို့အားငါ ပြောကြားလျက်ရှိသည်ကိုလည်းကောင်း၊ ထို အရှင်ကိုယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားက မဖြေမလွှတ် နိုင်သည့်အပြစ်ဟူသမျှမှပြေလွတ်နိုင် ကြောင်းကိုလည်းကောင်းသိမှတ်ကြလော့။-
40-41 ပရောဖက်ကျမ်းများတွင်၊`ငါမိန့်တော်မူသည်ကိုမထီမဲ့မြင်ပြုသူတို့၊ နားထောင်ကြ။ အံ့သြလျက်သေကြလော့။ယနေ့ငါပြုမည့်အမှုကိုသူတစ်ပါးက ရှင်းလင်းဖော်ပြသော်လည်း၊သင်တို့ယုံကြည်ကြလိမ့်မည်မဟုတ်'ဟုဖော်ပြပါရှိ၏။ ထိုဖော်ပြချက်အတိုင်းမ ဖြစ်စေရန်သတိပြုကြလော့'' ဟုဟောပြော လေ၏။