6 ယင်းသို့ရွေးချယ်ခြင်းခံကြရသူတို့ထဲတွင်ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့ပါဝင်ကြ၏။ သူတို့အားလုံးပင်ယုဒအနွယ်ဝင်များဖြစ်ကြသည်။-
7 မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
8 ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
9 ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-
10 သို့ရာတွင်အာရှပေနတ်သည်မင်းကြီးကိုကြောက်သဖြင့်ဒံယေလအား``မင်းကြီးသည်သင်တို့စားသောက်ကြရမည့်အစားအစာများကိုပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။ ထိုကြောင့်အကယ်၍သင်တို့သည်အခြားလူငယ်လူရွယ်များနည်းတူ ကျန်းမာသန်စွမ်းမှုမရှိပါကငါအသတ်ခံရပါလိမ့်မည်'' ဟုဆို၏။
11 သို့ဖြစ်၍ဒံယေလသည်မိမိနှင့်အဖော်သုံးဦးတို့အားစောင့်ကြပ်ရန် အာရှပေနတ်တာဝန်ပေးခြင်းခံရသူထံသို့သွား၍၊-
12 ``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။-