1 ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
2 ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။
3 ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။
4 ခွန်အားကြီးသောစစ်သူရဲများ၏လေးတို့သည်ကျိုးပဲ့ကုန်လျက်၊အားအင်ချည့်နဲ့သူတို့သည် ခွန်အားကြီးမားလာကြ၏။
5 အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။
6 ထာဝရဘုရားသည်သေစေခြင်း၊ရှင်စေခြင်း ကိုလည်းကောင်း၊မရဏာနိုင်ငံသို့ပို့ဆောင်ခြင်း၊ပြန်လည် ခေါ်ဆောင်ခြင်းကိုလည်းကောင်းပြုတော်မူ၏။