1 ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်ရှိ၏။ သူ၏ နာမည်မှာကိရှဖြစ်၏။ သူ့အဖသည်အဗျေလ၊ အဖိုးကားဇေရော်ဖြစ်၏။ သူသည်အာဖိသား ချင်းစုဝင်ဖြစ်သောဗေခေါရတ်အိမ်ထောင်စု မှဆင်းသက်လာသူတည်း။ ကိရှသည်ချမ်းသာ ကြွယ်ဝ၍သြဇာတိက္ကမရှိသူတစ်ယောက် ဖြစ်ပေသည်။-
2 သူ့မှာရှောလုနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ထိုသားသည်ပျိုရွယ်၍အဆင်း လှ၏။ ဣသရေလအမျိုးသားရှိသမျှ တို့ထက်အရပ်တစ်ပေမျှပို၍မြင့်၏။ အဆင်းလည်းပို၍လှ၏။
3 ကိရှသည်မိမိ၏မြည်းအချို့ပျောက်သွား သဖြင့် ရှောလုအား``အစေခံတစ်ယောက်ကို ခေါ်ပြီးလျှင်မြည်းတို့ကိုလိုက်ရှာပါလော့'' ဟုဆို၏။-
4 သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။-
5 သူတို့သည်ဇုဖဒေသသို့ရောက်ရှိကြ သောအခါ ရှောလုကသူ၏အစေခံ အား``ငါတို့အိမ်သို့ပြန်ကြစို့။ သို့မဟုတ် ပါမူငါ၏အဖသည်မြည်းတို့အတွက် စိုးရိမ်ပူပန်မည့်အစားငါတို့အတွက် စိုးရိမ်ပူပန်လိမ့်မည်'' ဟုဆို၏။
6 အစေခံက``ဆိုင်းငံ့ပါဦး။ ဤမြို့တွင်သူတော် စင်တစ်ဦးရှိပါ၏။ သူပြောသမျှစကားတို့ သည်အမှန်ပင်ဖြစ်ပျက်လာသဖြင့် သူ့အား လူတို့ရိုသေလေးစားကြပါ၏။ အကျွန်ုပ်တို့ သူ့ထံကိုသွားကြပါစို့။ မြည်းများအား အဘယ်အရပ်တွင်ရှာရမည်ကိုသူသည် အကျွန်ုပ်တို့အားဖော်ပြကောင်းဖော်ပြနိုင် ပါလိမ့်မည်'' ဟုဆို၏။
7 ရှောလုက``ထိုသူထံကိုသွားလျှင်ငါတို့ အဘယ်အရာကိုပေးလှူရပါမည်နည်း။ ငါ တို့တွင်ပါသမျှသောအစားအစာလည်း ကုန်ချေပြီ။ ငါတို့မှာသူ့အားပေးစရာ ဘာမျှမရှိ'' ဟုဆို၏။