13 ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။
14 အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။-
15 သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
16 ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
17 ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။-
18 ယဟောရှက``အခါတစ်ပါး၌လေဗနုန် တောင်ထိပ်တွင် ဆူးပင်သည်သစ်ကတိုးပင် ထံစေတမန်လွှတ်၍`သင်၏သမီးကိုငါ့ သားနှင့်ပေးစားပါလော့' ဟုပြောကြား စဉ်အနီးမှဖြတ်၍လာသောတောတိရစ္ဆာန် သည်ထိုဆူးခြုံကိုနင်းချေလိုက်လေသည်။-
19 အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။