27 အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။
28 ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။
29 ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။
30 ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
31 အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။
32 သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။
33 ထိုသို့ဆိုကြသောအခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။