12 မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိသောသူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ ဟုမိန့်တော်မူ၏။
13 အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
14 ဤအရပ်၌လည်းကိုယ်တော်ကို ပဌနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။
15 သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။
16 အကြောင်းမူကား၊ ထိုသူသည်ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။
17 အာနနိသည်လည်းသွား၍ အိမ်သို့ရောက်လျှင်၊ ရှောလု အပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါ ၎င်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း ငါကို စေခန့်တော်မူသည်ဟုပြောဆို၏။
18 ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။