မဿဲ 6:2-8 BJB

2 ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။

3 သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။

4 မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။

5 သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။

6 သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

7 သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

8 ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။