မဿဲ 6:22-28 BJB

22 မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။

23 မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။

24 အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။

25 ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။

26 မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။

27 အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။

28 အဝတ်အဘို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။