4 ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။
5 ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊
6 သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။
7 ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊
8 တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
9 ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။
10 ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။