20 လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၎င်း၊ သမ္မာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊
21 သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။
22 သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။
23 ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။
24 အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။
25 သင်သည်ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန်၏။
26 ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည်တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။