ရှင်ယောဟန် 14:19-25 BJB

19 ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။

20 ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။

21 ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။

22 ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။

23 ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။

24 ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။

25 ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။