10 လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။
11 ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။
12 အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။
13 အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။
14 ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။
15 ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။
16 ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။