35 ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
36 လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
37 သိတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။
38 တရားစရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲသည်ဖြစ်၍ သူ့အတွက်ကိုယ်တော်ကိုတောင် လျှောက်ကြ၏။
39 ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကိုဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
40 နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ်၌လက်တော်ကို တင်သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။
41 နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။