1 ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော ရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့ သို့ ဟောပြောရ၏။
2 ယခုတိုင်အောင်သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာ တိုက် ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။
3 ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
4 တယောက်က၊ ငါသည်ပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည်အာပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြောကြလျှင်၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။
5 ပေါလုကားအဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။
6 ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသော သူဖြစ်၏။ အပင်ကိုကြီးပွါးစေသော သူကား၊ ဘုရားသခင်ပေတည်း။
7 စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသော သူလည်း မတတ်နိုင်။ ကြီးပွါးစေတော်မူသော ဘုရား သခင်သာလျှင် တတ်နိုင်တော်မူ၏။