9 ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
10 ငါနှင့် ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစားသော အမှုကို ပယ်ဖြတ်ကြပါလော့။
11 ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊
12 သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
13 ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော်ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေးသောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထားသည်အတိုင်း ပြုကြ၏။
14 ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
15 အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်းပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ၏။ ငါမူကားဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။