12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို မိုဃ်းကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီး မွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက်နေကြလော့။
13 ငါ၏ လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။
14 ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သား ပေါက်ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း။
15 ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။
16 နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။
17 သင့်ကိုပို့ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော။
18 ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။