1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြားစေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
2 ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
3 တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုးတို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့်မည်။
4 သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလသည် ရောက်လိမ့်မည်။
6 ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။