3 တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုးတို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့်မည်။
4 သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလသည် ရောက်လိမ့်မည်။
6 ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
7 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
8 ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြလိမ့်မည်။
9 ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသောစကားတော်ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။