ယေ​ရ​မိ 38:3-9 BJB

3 ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလခိသားပါရှုရတို့သည်ကြားသောအခါ၊

4 ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သော စကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်းတို့၏ လက်ကိုအားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ ဟု လျှောက်လျှင်၊

5 ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။

6 ထိုအခါ ယေရမိကို ယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွံ့သာရှိ၍၊ ယေရမိသည် ရွံ့၌ ကျွံလျက်နေ၏။

7 ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊

8 ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့ သွားပြီးလျှင်၊

9 အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊