2 သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဘော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍ လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို၏။
3 ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
4 သွား၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကိုစည်း၍၊
5 မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကို၎င်း၊ ကောက်လှိုင်းကို၎င်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို၎င်း မီးလောင်လေ၏။
6 ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည် လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။
7 ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာနေမည်ဟု ဆိုလျက်၊
8 သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။