8 ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။
9 ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
10 ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသောအမှုတို့ကို၎င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။
11 ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
12 အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
13 ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
14 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန်မရပ်နိုင်ကြ။