5 သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။
6 ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီနှင့် မပြော့စေရသေး။
7 သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
8 ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။
9 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
10 သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။
11 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင် ကျွေးသောတိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။