10 ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟုငါဆိုသတည်း။
11 အသက်ရှင်သော သူတို့၏ နေရာ၌၊ ထာဝရဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်းဘော်ရသဖြင့်၊ နောက်တဖန် လူတို့ကို မမြင်ရ။
12 သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကို နှုတ်ပယ်၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင်မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
13 ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
14 ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလော့ကြပြီ။ အိုဘုရားရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ်ဘက်၌ နေတော်မူပါ။
15 အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ဂတိပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ်ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။
16 အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ၏။