1 အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။
2 သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရား သခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။
3 အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ၏။
4 သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သော အရပ်၌ မိမိတို့ အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။
5 ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေနှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက်ဟူ၍၎င်း မှည့်အပ်သလော။
6 ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။
7 မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။