14 ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။
15 သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူသည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။
16 လူတယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော်မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။
17 ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ်ကို ဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်းအဝတ်ကို၎င်း၊ စိတ်အားကြီးခြင်းဝတ်လုံကို၎င်း ယူတင်ဝတ်ဆောင်တော်မူ၏။
18 သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။ ရန်ဘက်ပြုသောသူတို့အား အမျက်တော်ကို၎င်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို၎င်း၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်း ဆပ်ပေးတော်မူမည်။
19 သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာအရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုးသကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားတော်မူမည်။
20 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ်သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရားသော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ရှိရာသို့ ရောက်လတံ့။