1 တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။
2 ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှမသန့်ရှင်း။ ကိုယ်တော်မှတပါး အခြားသော ဘုရားမရှိ။
3 ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကိုမပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။
4 သူရဲတို့ ကိုင်သောလေးများ ကျိုးလျက်၊ လဲတတ်သော သူတို့သည် ခွန်အားနှင့် ပြည့်စုံလျက် ရှိကြ၏။
5 ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှါ၊ သူငှါး လုပ်ကြရပြီ။ ငတ်မွတ်သော သူတို့မူကား၊ တဖန် ဝကြပြီ။ မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ။ သားများသောသူမူကား၊ တဖန် အားလျော့ပြီ။
6 ထာဝရဘုရားသည် သေစေသော အခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။
7 ဆင်းရဲစေခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သော အခွင့်ရှိတော်မူ၏။