1 ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။
2 ဖိလိတ္တိမင်းတို့သည် လူတရာတပ်၊ တထောင်တပ်အစဉ်အတိုင်း ချီသွားသဖြင့်၊ ဒါဝိဒ်နှင့် သူ၏ လူတို့သည် နောက်တပ်၌ အာခိတ်မင်းနှင့်အတူ လိုက်ကြ၏။
3 ဖိလိတ္တိမင်းတို့ကလည်း၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ အာခိတ်မင်းက၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု၏ကျွန် ဒါဝိဒ် ဖြစ်သည်မဟုတ်လော။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ။ ငါ့ထံသို့ ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သူ၌အပြစ်တင်စရာ တစုံတခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း၊
4 ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကို အပ်၍ ပြုနိုင်သည်မဟုတ်လော။
5 ရှောလုအထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့်ကလျက် သီချင်းဆိုကြသောအခါ၊ ဤဒါဝိဒ်ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မဟုတ်လောဟု အပြစ်တင်သောကြောင့်၊
6 အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရင်း၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကို မတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။
7 သို့ဖြစ်၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော်၊