4 သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
5 ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကို တို့လျက် ဆို၏။
6 ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကို မြင်၍ စားသောက်ပြီးမှ တဖန်အိပ်ပျော်၏။
7 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍စားဦးလော့ဟုဆိုသည် အတိုင်း၊
8 ဧလိယသည်ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့်၊
9 ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။
10 ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။