1 ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေးကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သောသူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ်လေ၏။
2 တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေလွှတ်လျက်၊
3 ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရသောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
4 ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည် ဖြစ်၍၊
5 ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့်ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
6 မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။