57 ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။
58 လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော။
59-60 ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါစေသော။
61 သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။
62 ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
63 နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ်ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနုမောဒနာပြုကြ၏။
64 ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။