၄ ရာ 21:12-18 BJB

12 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။

13 ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။

14 ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာဖြစ်ကြလိမ့်မည်။

15 အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။

16 မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှတပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု၏။

17 မနာရှေပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

18 မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။