12 ဘုရားသခင်၏နေ့ရက်ကိုစောင့်မျှော်၍ ထိုနေ့ရက်၏ရောက်ရှိလာခြင်းကို လျင်မြန်စေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် လောင်မြိုက်ခြင်းခံရလျက် ပျက်သုဉ်းသွားရလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သောအပူရှိန်ဖြင့် အရည်ပျော်ရကြလိမ့်မည်။
13 သို့သော် ငါတို့သည် ကိုယ်တော်၏ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရားကိန်းဝပ်ရာ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုစောင့်မျှော်နေကြ၏။
14 သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။
15 ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။
16 သူသည် အခြားစာအားလုံးထဲတွင်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ ပြောထား၏။ ထိုစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာအချို့ရှိ၏။ အသိပညာမဲ့၍ မတည်ကြည်သောသူတို့သည် အခြားသောကျမ်းများအပေါ်၌လည်းပြုသကဲ့သို့ ထိုစာ၏အနက်ကို လိုရာဆွဲ၍ မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ရောက်စေကြ၏။
17 ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအရာတို့ကို သင်တို့သိထားနှင့်ပြီဖြစ်၍ စောင့်စည်းမှုမရှိသောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိတို့၏တည်ကြည်မှုကို မဆုံးရှုံးစေရန် မိမိကိုယ်ကိုစောင့်ထိန်းကြလော့။
18 ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။