ရှင်မာကု 12:32-38 BCL

32 ကျမ်း​တတ်​ဆ​ရာ​က ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ ချက်​သည်​သင့်​မြတ်​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သာ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မှ တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။-

33 ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

34 ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။

35 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ် ကြောင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ဆို​ကြ​သ​နည်း။

36 `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟုထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏'ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။

37 ဤ​သို့​ဆို​ရာ​တွင်​ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင် မေ​ရှိ​ယ ကို `အ​ရှင်' ဟု​ခေါ်​သည်​ဖြစ်​ရာ အ​သို့​လျှင်​မေ​ရှိ​ယ သည်​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​ကြီး​သည်​ကိုယ်​တော်​၏ စ​ကား​တော်​ကို အား​ရ​ရွှင်​လန်း​စွာ​ကြား​နာ​ကြ​၏။

38 ဤ​သို့​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ကိုယ်​တော်​က ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ နှင့်​ရှောင်​ကြ​လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို ဝတ်​၍​ပ​လွှား​သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက် တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။-