2 ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။
3-4 မင်းကြီးသည်ဣသရေလသုံ့ပန်းများတွင် မင်းမျိုးမင်းနွယ်နှင့်ဂုဏ်အသရေရှိအိမ်ထောင်စုများမှ၊ ရုပ်ရည်သန့်ပြန့်သူ၊ အသိပညာအတတ်ပညာရှိမှု၊ ပညာဉာဏ်ထက်မျက်မှု၊ ကိုယ်အင်္ဂါချို့ယွင်းခြင်းနှင့်ကင်းမှု အစရှိသည့်အရည်အချင်းများနှင့်ပြည့်စုံ၍ နန်းတွင်းအမှုထမ်းနိုင်မည့်လူငယ်လူရွယ်အချို့တို့ကိုရွေးချယ်ရန် မိန်းမစိုးအုပ်အာရှပေနတ်အားအမိန့်ပေးတော်မူ၏။ သူတို့အားဗာဗုလုန်ဘာသာကိုဖတ်တတ်ရေးတတ်အောင်သင်ကြားပေးရန်နှင့်၊-
5 ပွဲတော်စာနှင့်စပျစ်ရည်ကိုနေ့စဉ်နေ့တိုင်းစားသောက်စေရန်လည်း မိန်းမစိုးအုပ်အားအမိန့်ပေးတော်မူ၏။ ဤနည်းအားဖြင့်သုံးနှစ်တိုင်တိုင်လေ့ကျင့်ပေးပြီးမှသူတို့အားဘုရင်၏ရှေ့တော်သို့သွင်းရကြမည်။-
6 ယင်းသို့ရွေးချယ်ခြင်းခံကြရသူတို့ထဲတွင်ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့ပါဝင်ကြ၏။ သူတို့အားလုံးပင်ယုဒအနွယ်ဝင်များဖြစ်ကြသည်။-
7 မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
8 ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
9 ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-