သူ​ကြီး 15:11-17 BCL

11 ထို​အ​ခါ​ယု​ဒ​ပြည်​သား​လူ​သုံး​ထောင်​တို့​သည် ရှံ​ဆုန်​နေ​သော​ဧ​တံ​ကျောက်​ဂူ​သို့​သွား​၍​သူ့ အား``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​အား အ​စိုး​ရ​သူ​များ​ဖြစ်​သည်​ကို​သင်​မ​သိ​ပါ သ​လော။ အ​ဘယ်​သို့​အ​မှု​ကို​ငါ​တို့​အား​သင် ပြု​ခဲ့​ပါ​ပြီ​နည်း'' ဟု​မေး​ကြ​၏။သူ​က​လည်း``ငါ​သည်​သူ​တို့​ငါ့​အား​ပြု​သည် အ​တိုင်း​သာ​လျှင် သူ​တို့​အား​ပြု​ခဲ့​ပါ​၏'' ဟု ဖြေ​ကြား​လေ​သည်။

12 သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။

13 ``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။

14 လေ​ဟိ​အ​ရပ်​သို့​ရောက်​သော​အ​ခါ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အော်​ဟစ်​ကာ​ရှံ​ဆုန် ထံ​သို့​ပြေး​၍​လာ​ကြ​၏။ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​သည်​ရှံ​ဆုန်​အား​ရုတ်​တ​ရက် သန်​စွမ်း​လာ​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ ၏​လက်​များ​ကို​ချည်​နှောင်​ထား​သော​ကြိုး တို့​ကို​မီး​ကျွမ်း​သည့်​အပ်​ချည်​မျှင်​ပ​မာ ပြတ်​စေ​၏။-

15 ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။

16 သို့​ဖြစ်​၍​ရှံ​ဆုန်​က၊``မြည်း​မေး​ရိုး​ဖြင့်​လူ​တစ်​ထောင်​ကို​ငါ​သတ်​ပြီ။မြည်း​မေး​ရိုး​ဖြင့်​အ​လောင်း​တွေ​အ​ပုံ​ပုံ​ဖြစ်​စေ​ပြီ'' ဟူ​၍​သီ​ဆို​လေ​၏။

17 ထို​နောက်​သူ​သည်​မြည်း​မေး​ရိုး​ကို​လွှင့်​ပစ်​လိုက် သည်။ ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​သည့်​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​ဟူ​၍​ခေါ်​ဝေါ်​ကြ​သ​တည်း။