6 သို့ဖြစ်၍ယောက္ခမနှင့်သမက်တို့သည်အတူ ထိုင်၍စားသောက်ကြ၏။ ထိုနောက်ယောက္ခမ က``ယနေ့လည်းအိပ်ပါဦးပျော်မွေ့စွာနေ ပါဦး'' ဟုဆို၏။
7 လေဝိအမျိုးသားသည်ထ၍ခရီးသွားရန် ပြင်ဆင်သော်လည်း ယောက္ခမဖြစ်သူကဆက် လက်နေထိုင်ရန်တိုက်တွန်းသဖြင့် ထိုညတွင် လည်းထိုအိမ်၌အိပ်လေသည်။-
8 ငါးရက်မြောက်သောနေ့နံနက်စောစော၌သူ သည် ခရီးသွားရန်ထသောအခါယောက္ခမ က``ကျေးဇူးပြု၍အစာစားပါဦး။ နေမြင့် သည်တိုင်အောင်စောင့်ပါဦး'' ဟုဆိုသဖြင့် ယောက္ခမနှင့်သမက်တို့သည်အတူတကွ စားကြ၏။
9 သူသည်မိမိ၏မယားငယ်နှင့်အစေခံကို ခေါ်၍ ထွက်ခွာမည်ပြုသောအခါယောက္ခမ က``ကြည့်ပါညနေချမ်းအချိန်သို့ရောက် လေပြီ။ မကြာမီပင်မှောင်လာတော့အံ့။ ဤ အရပ်၌ပင်တစ်ညအိပ်၍ပျော်မွေ့စွာနေ ပါလော့။ နက်ဖြန်နံနက်စောစောထ၍ပြန် ပါလော့'' ဟုဆိုလေသည်။
10-11 သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
12-13 သို့ရာတွင်သူ၏သခင်က``ဣသရေလ အမျိုးသားမဟုတ်သူတို့၏မြို့တွင် ငါတို့ မရပ်မနားလို။ ရှေ့သို့အနည်းငယ်ဆက် ၍သွားပြီးလျှင် ဂိဗာမြို့၌အိပ်ကြကုန် အံ့'' ဟုဆိုလေသည်။-
14 သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-